ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။ ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။ ။
Trans : General Aung San (အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
စိန်ခြယ်ပန်းများဖြင့် ၁၉၄၇ အတွင်းဝန်ရုံးထဲက သူရဲဘောကြောင်လှတဲ့ တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ သူအသက်ပျောက်ခဲ့ရပြီ။
ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့ သူ့ရဲ့ နည်းဗျူဟာ အနုနည်းနဲ့ မရရင် အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့ သူရဲ့ မဟာဗျူဟာ နယ်ချဲ့တိုက်ပွဲ ဖက်ဆစ်တိုက်ပွဲ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ တိုက်ပွဲစဉ်တလျှောက် ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ ပန်းတိုင်ရောက်ခါနီးမှ ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့ အသက်စွန့်ခဲ့ရပေပြီ။
အသက်ငယ်ငယ်နဲ့ သူကျဆုံးခဲ့ရတာ တိုင်းပြည်အတွက် ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။
မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ် ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ သင့်အမည်နာမဟာ အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။
သင့်အမည်နာမဟာ အမိမြေဆီလွှာကတောင် သရဖူဆောင်းပေးထားရတဲ့ “ ရိုးမ ” လည်းဖြစ်ပါတယ်။
သင့်ရဲ့ ကြီးမြတ်တဲ့ဝိညာဉ်ဟာ “ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး “ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။
“ ဂန္ဒီကြီး ” “ အန်ကယ်ဟို ” “ ဒေါက်တာရီဇော် ” “ မော် ” အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက “ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။
ငါ့တိုင်းပြည်ကိုပြန်ပေး ငါ့သယံဇာတကိုပြန်ပေး ငါ့လေထုကိုပြန်ပေး ငါ့ကလေးတွေကိုပြန်ပေး ငါ့အိမ်မက်တွေကိုပြန်ပေး သူ့ရဲ့ကြွေးကြော်သံဟာ ယူနီယံဂျက်အလံကို ဖောက်ထွင်း နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။
၁၉၊ ဇူလိုင်တဲ့ အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။
ဆောင်းမနက်ခင်းစောစောမှာ ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့် သင့်အမည်နာမအား ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန် သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက် စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
အမိနိုင်ငံတော်ရဲ့ သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော သင့်အမည်နာမအား စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လင်းယုန်ငှက်တွေဝဲနေတဲ့ ဟောသည်ဆောင်းလမ်းမှာ “ ဗိုလ်အောင်ဆန်း ” တဲ့ စိန်ခြယ်ပန်းများဖြင့် ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။
မိုးဃ်းဇော်၊ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် ( ၂၃ )၊မတ် ၂ဝဝ၉
|
No comments:
Post a Comment